0

မနက်ဖြန် – မောင်စိန်ဝင်း ( ပုတီးကုန်း )

Posted by မေမြို့သား on 7:17 PM in

ပန်းကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

ကြယ်ကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မျှော်လင့်ခြင်းတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မခြွေပဲ၊ ကြွေလဲ
အနေရဲ၊ ဝေဆဲပါလေ…

ပန်းတွေလဲ မပျောက်ကွယ်
ကြယ်တွေလဲ မကုန်
ယုံကြည်မျှော်လင့်ခြင်းတွေလဲ မပျက်
မနက်ဖြန်ဆိုတာ ရှိနေမယ်။

မောင်စိန်ဝင်း ( ပုတီးကုန်း )

0

အခါလွန်မိုး – မောင်စိန်ဝင်း (ပုတီးကုန်း)

Posted by မေမြို့သား on 7:15 PM in

ဘဝအဖော်မဖြစ်ပေမယ့်
ခဏအပျော် ချစ်မဟုတ်ခဲ့ပါ…။
မာနာသိက္ခာ အရှုံးထား
နှလုံးသားမှာ ကဗ္ဗည်းထိုး
မြတ်နိုးတွယ်တာ…။
မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြှားလိုစူး…။
သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော၊ဘယ်လိုကြည့်
ဘယ်လိုထိ၊ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေထင်…ထင်ပါရဲ့
ရင်…ရင်မှာ သမုဒယ ဆူးတွေကြောင့်…
(အချစ်ရယ်…)
အခုဘဝတော့ရူး…။

မောင်စိန်ဝင်း (ပုတီးကုန်း)

0

နွံ

Posted by မေမြို့သား on 7:14 PM in

သံသရာသည် ….
အရှည်ဆုံးမြစ်။

သမုဒယနွံ၊ ကိုယ်တိုင်ဆင်း
နင်းလိုက်တိုင်းနစ်။
မောင်စိန်ဝင်း(ပုတီးကုန်း)

0

ခရီးသည် – မောင်စိန်ဝင်း(ပုတီးကုန်း)

Posted by မေမြို့သား on 7:10 PM in

ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။

လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

0

အချစ် – မောင်စိန်ဝင်း (ပုတီးကုန်း)

Posted by မေမြို့သား on 7:08 PM in

ပြက္ခဒိန်မရှိ၊
ရက်အချိန်မသိ။

နာရီမရှိ၊
ရာသီမညှိ။

မအိုသည့်အရာ၊
ထာဝရအလင်းတန်း၊
ဘဝရဲ့စမ်းရေအိုင်လေးတစ်ခု။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

0

ထာဝရ (၂) – မောင်စိန်ဝင်း (ပုတီးကုန်း)

Posted by မေမြို့သား on 7:06 PM in

ပွင့်လျှင်လည်းနမ်း၊
နွမ်းလျှင်လည်းကောက်၊
ခြောက်လျှင်လည်းသိမ်း၊
တိမ်းညွတ်တွယ်မက်၊
သည်တစ်သက်မှာ၊
တစ်ပွင့်သာလေ၊
စွဲလန်းနေမည်၊
ဝေဝေကြွေကြွေမြတ်နိုး၏။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

0

ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း)

Posted by မေမြို့သား on 7:05 PM in

အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။

ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။

သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.